About ART Archive - AHF Myanmar

ARV အကြောင်း

AIDSရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်သောဆေးဝါးများ မပေါ်ပေါက် သေးသော်လည်း သွေးထဲရှိ AIDS ပိုး ပမာဏကို သိသိသာသာ လျှော့ချ၊ သို့မဟုတ် လုံးဝနီးပါး မရှိအောင် ပြုလုပ်ပေးနိုင်သည့် ဆေးဝါး Anti-retroviral drug(ARV) ကို တွေ့ရှိပြီး AIDS ရောဂါကို ကုသရာတွင်အနောက် နိုင်ငံများ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျက် ရှိပါသည်။

ART ဆိုတာဘာလဲ?

ARV ဆေးဝါးများဖြင့်HIV(+)/AIDSလူနာကုသခြင်းကို Anti Retro-viral Therapy ဟု ခေါ်ပါသည်။
ARV ဆေးဝါးများကိုမည်သည့်အခါမျှတစ်မျိုးတည်းမတိုက်ပါ။နှစ်မျိုး၊ သို့မဟုတ် သုံးမျိုးပေါင်းစပ်၍သာတိုက်ပါသည်။ထိုသို့ပေါင်းစပ်တိုက်ကျွေးခြင်းကို Highly Active Anti Retro-viral Therapy (HAART) ဟုခေါ်ပါသည်။သို့မှသာရောဂါပိုး၏ဆေးယဉ်ခြင်းကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ဆေးဝါးများတွင် မလိုလားအပ်သော ဆေး၏ ဆိုးကျိုးလည်းများစွာရှိပါသည်။ ဆေး အချင်းချင်း ဓာတ်တုံ့ ပြန်မှုများလည်း ရှိပါသည်။ ထို့ကြောင့် ကုသရာတွင် ကျွမ်းကျင်သူ ဆရာဝန်များ၏ အနီးကပ် ကြီးကြပ်မှု အောက်တွင်သာ စားသုံးသင့်ပါသည်။ မိမိသဘောဖြင့်မစားသုံးသင့်ပါ။

ARVဆေးဝါးများ အသုံးပြုရခြင်း၏ ရည်ရွယ်ချက်

၁။AIDS ရောဂါကြောင့် သေဆုံးမှုနှုန်းကို လျော့ချရန်။
ဥရောပတွင်သုတေသနပြုချက်များအရ ARV ဆေးဝါးများကိုမှီဝဲခြင်းကြောင့်AIDSရောဂါဖြင့်သေဆုံး မှုနှုန်းကို၈ဝရာခိုင်နှုန်းမှ၉ဝရာခိုင်နှုန်းအထိလျော့ကျစေသည်။
====================================================
၂။ခန္ဓာကိုယ်၏ ခုခံအားကို ပြန်လည် တိုးတက်စေရန်။
ARV ဆေးဝါးများကိုမှီဝဲခြင်းဖြင့်သွေးထဲရှိ CD4 သွေးဖြူဥ အရေအတွက်သည် တစ်နှစ်လျှင် 100 မှ 150/mm3 အထိ တိုးတက် လာသည်ကို တွေ့ရပါသည်။
====================================================
၃။ရောဂါ တိုးတက်မှုကို တားဆီးရန်
ရောဂါပိုးများကိုသွေးထဲတွင်လုံးဝနီးပါးမရှိအောင်နှိမ်နင်း ထားခြင့်ဖြင့် ရောဂါတိုးတက်မှုကို ထိရောက်စွာ တားဆီးနိုင်ပါသည်။သုတေသနပြုချက်များအရသွေးထဲတွင် HIV ရောဂါပိုး ရှိပြီးနောက် ARV ဆေးဝါးများကိုပုံမှန်မှီဝဲသောသူများ၏၈၀ ရာခိုင်နှုန်း ကျော်မှာ AIDS အဆင့်သို့ ရောက်ရှိခြင်း မရှိသည်ကို တွေ့ရှိရပါသည်။
====================================================
၄။ရောဂါကူးစက်မှုကို တားဆီးရန်
ရောဂါကူးစက်မှုသည်သွေးထဲရှိ HIV ရောဂါပိုးပမာဏအပေါ်တွင်လည်းမူတည်ပါသည်။ရောဂါပိုး ပမာဏ များလေလေ၊ကူးစက်မှုပိုများလေလေဖြစ်ပါသည်။ ARV ဆေးဝါးများကိုပုံမှန်မှီဝဲခြင်းဖြင့် သွေးထဲရှိ HIV ရောဂါပိုးပမာဏကျဆင်းပြီး၊ကူးစက်ရန်အလားအလာကျဆင်းလာသည်ကို တွေ့ရှိရပါသည်။
အကြောင်းတစ်စုံတစ်ရာကြောင့် HIV ရောဂါပိုးရှိသောသူ၏သွေးဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပါက ARV ဆေးဝါးများကိုအသုံးပြုခြင်းဖြင့်ရောဂါကူးစက်မှုကိုသိသိသာသာလျှော့ချနိုင် ကြောင်း တွေ့ရှိရပါသည်။ ဥပမာ – ရောဂါရှင်ကိုထိုးသောအပ်ဖြင့်မတော်တဆအထိုးခံရခြင်း၊မုဒိမ်းကျင့်ခံရခြင်း၊ condon အသုံးပြု၍ လိင်ဆက်ဆံစဉ် condon ကွဲခြင်း၊မိခင်တွင်HIV ရောဂါပိုးရှိပြီး ကလေးသို့ မကူးစက်စေရန် အစရှိသည့် အခြေအနေများ။
====================================================
၅။သက်တမ်းရှည်စေရန်။
ARV ဆေးဝါးများကိုမှီဝဲခြင်းဖြင့် ဆေး၏ဆိုးကျိုးများကိုဆိုးဆိုးရွားရွား ခံစားရ၍ ဆေးဆက်မသောက်နိုင်သူများနှင့် ဆေးယဉ်ပါးသူများ(drug resistance) မှအပ ကျန်သူများမှာ ဆေးမှီဝဲနေသမျှ အသက်ရှင် နေနိုင်ကြောင်း တွေ့ရှိရပါသည်။
====================================================
၆။လူ့သက်တမ်းစေ့ နေထိုင် အသက်ရှင်နိုင်ရန်။
ARV ဆေးဝါးများကိုမှီဝဲခြင်းဖြင့်ကိုယ်ခံအားတက်လာပြီးကျန်းမာရေး ပြန်လည်ကောင်းမွန်လာကာ ပုံမှန်အလုပ်များကိုပြန်လည်လုပ်နိုင်လာသည်ကိုတွေ့ရှိရပါသည်။ တချို့တွင် အားကစားများကိုပင် ပြန်လည်ပြုလုပ် လာနိုင်သည်ကို တွေ့ရှိရပါသည်။

ခုခံအားကျဆင်းမှုကူးစက်ရောဂါကုဆေးဝါးများအကြောင်းသိကောင်းစရာ

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ Acquired Immunodeficiency Syndrome (AIDS) ဆိုသည်မှာ Human Immunodeficiency Virus (HIV) ခေါ် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ခန္ဓာကိုယ်တွင်းရှိ ရောဂါကိုခုခံတိုက်ဖျက်သည့် စနစ်၏ လုပ်ငန်းထမ်းဆောင်မှုများ ကျဆင်းကာ အခြားသော ကူးစက်ရောဂါများ၊ ထပ်ဆင့်ရောဂါများ ပိုမိုဆင့်ပွားဖြစ်ပွားတက်သည့် ကူးစက်ရောဂါ တစ်မျိုးဖြစ်သည်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) သည် ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင်၍ ပေါ်ပေါက်ခဲ့ရာ ယခုဆိုလျှင် ၂၃ နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်။ ၂၃ နှစ်အတွင်း ဆေးသိပ္ပံပညာရှင်များ၏ မဆုတ်မနစ်ကြိုးစား အားထုတ်မှုကြောင့်ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကို ထိရောက်စွာ နှိမ်နင်းနှိင်သော ဆေးဝါးများ Antiretroviral drug (ARV) ပေါ်ပေါက်ခဲ့ပြီး ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံးမှုကို ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လာခဲ့ ကြပါသည်။
ထို့ကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒါနာရှင်များ အတွက် ARV ဆေးဝါးများသည် အသက်တမျှ အရေးကြီးသောဆေးဝါးများ ဖြစ်လာခဲ့ပါသည်။

ARV

ARV (Anti Retro-Viral drug) ဆိုသည်မှာ သွေးထဲရှိ HIV ပိုးများလျော့နည်းအောင်လုပ်ဆောင်ပေးသော ဆေးဖြစ်သည်။
ARV ဆေးဝါးများကိုမည်သည့်အခါမျှတစ်မျိုးတည်းမတိုက်ပါ။နှစ်မျိုး၊ သို့မဟုတ် သုံးမျိုးပေါင်းစပ်၍သာတိုက်ပါသည်။ထိုသို့ပေါင်းစပ်တိုက်ကျွေးခြင်းကို Highly Active Anti Retro-viral Therapy (HAART) ဟုခေါ်ပါသည်။သို့မှသာရောဂါပိုး၏ဆေးယဉ်ခြင်းကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ဆေးဝါးများတွင် မလိုလားအပ်သော ဆေး၏ဘေးထွက်ဆိုးကျိုးလည်းများစွာရှိပါသည်။ ဆေးအချင်းချင်း ဓာတ်တုံ့ ပြန်မှုများလည်း ရှိပါသည်။ ထို့ကြောင့် ကုသရာတွင် ကျွမ်းကျင်သူ ဆရာဝန်များ၏ အနီးကပ် ကြီးကြပ်မှု အောက်တွင်သာ စားသုံးသင့်ပါသည်။ မိမိသဘောဖြင့်မစားသုံးသင့်ပါ။
ARV ဆေးဝါးများကို စနစ်တကျ ပုံမှန်မှီဝဲခြင်းဖြင့် မိမိ၏ခုခံအား ပြန်လည်တက်လာပြီး ပုံမှန်အလုပ်များကိုသာမန်လူတယောက်လို ပြန်လည် လုပ်ကိုင်လာနိုင်ပါသည်။ မိမိ၏စီးပွားရေးကို ပြန်လည်လုပ်ကိုင်လာနိုင်သလို၊ ဝါသနာအရ အားကစားများကိုပင် ပြန်လည်ပြုလုပ်နိုင်သည်ကို တွေ့ကြရပါသည်။
ARV ဆေးဝါးများကို ပုံမှန်မှီဝဲသုံးစွဲခြင်းဖြင့် ရောဂါရပြီးနောက် အနှစ်နှစ်ဆယ် ကျော်သည်အထိအသက်ရှင် နေထိုင်သူများလည်း ရှိပါသည်။
ထို့ကြောင့် ARV ဆေးများသည် ခုခံအားကျ ရောဂါဝေဒနာရှင်များအတွက် တစ်ခုတည်းသော အားထားစရာ ဆေးဝါးများဖြစ်ပါသည်။
၎င်း ARV ဆေးဝါးများကို မြန်မာနိုင်ငံတွင်လည်း သင့်တင့်မျှတသော ငွေကြေးဖြင့် ဝယ်ယူသုံးစွဲနိုင်ပြီးဖြစ်ပါသည်။
ယခုတွင် အစိုးရဆေးရုံများတွင် အခကြေးငွေပေးစရာမလိုဘဲ အခမဲ့ထုတ်ယူသောက်သုံးနိုင်ပြီဖြစ်ပါတယ်။

ARV ဆေးဝါးများ၏ အာနိသင်

ARV ဆေးဝါးများကို တက်ကျွမ်းနားလည်သော ဆရာဝန်များ၏ကြီးကြပ်မှုအောင်တွင် စနစ်တကျ ပုံမှန်သောက်သုံးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။

၁။ ရောဂါတိုးတက်မှုကို ထိရောက်စွာ တားဆီးနိုင်ပါသည်။
ARV ဆေးသုံးစွဲသူ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းသည်သွေးထဲ၌ HIV ပိုး ရှိသော်လည်း AIDS ရောဂါအဆင့်သို့ ကူးပြောင်းရောက်ခြင်း မရှိပါ။
=====================================================
၂။ AIDS ရောဂါကြောင့် သေဆုံးမှုကို သိသာစွာ လျော့ချနိုင်ပါသည်။
အနောက်နိုင်ငံများတွင် ARV ဆေးဝါးများကို စတင်အသုံးပြုသည့်အချိန်မှစ၍ AIDS ရောဂါကြောင့် သေဆုံးမှုမှာ ၈၀ ရာခိုင်နှုန်း ကျော်ခန့် ကျဆင်းသွားကြောင်း
တွေ့ကြရပါသည်။
=====================================================
၃။ လူ့သက်တမ်းကို များစွာ ဆွဲဆန့်နိုင်ပါသည်။
ကိုယ်ခံအားကို တိုးတက်စေပြီး အခြားရောဂါများ၏ ဝင်ရောက်မှုကိုကာကွယ်နိုင်သောကြောင့် ARV ဆေးဝါးများကို စနစ်တကျမှီဝဲသူများမှာ နှစ်ပေါင်းများစွာဆက်လက် အသက်ရှင်လျက် နေနိုင်ကြပါသည်။ နှစ်နှစ်ဆယ်ကျော် ကြာသည်အထိ ဆက်လက် အသက်ရှင်လျက်ရှိသူ
များကိုလည်း တွေ့ရှိရပါသည်။
=====================================================
၄။ ကိုယ်ခံအားကို တိုးတက်စေပါသည်
ARV ဆေးဝါးများသည် ခန္ဓာကိုယ်တွင်းရှိ ရောဂါပိုးမွှားများကိုခုခံတိုက်ခိုက်နိုင်သည့် အတွက် သွေးဖြူဥအရေအတွက်ကို တိုးတက်များပြားစေခြင်းဖြင့် ကိုယ်ခံစွမ်းအားကိုတိုးတက်စေပါသည်။ အခြားကူးစက်ရောဂါများ ထပ်မံမဝင်ရောက်နို်င်အောင် တားဆီးကာကွယ်နိုင်ပါသည်။အထူးသဖြင့် CD4 ခေါ် သွေးဖြူဥတစ်မျိုး၏ အရေအတွက်ကို တိုးတက်စေပါသည်။ CD4 သွေးဖြူဥ၏ အရေအတွက်များသည်နှင့် အမျှ ကိုယ်ခံအားလည်း တိုးတက်လာမည် ဖြစ်ပါသည်။
=====================================================
၅။ နေ့စဉ် ပုံမှန်အလုပ်များကို ပြန်လည်လုပ်ကိုင်နိုင်ပါသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် ကိုယ်အလေးချိန်ကျပြီးပိန်နေခြင်း၊ ဝမ်းပျက်ခြင်း၊ ဖျားနာခြင်း အစရှိသည့် ရောဂါလက္ခဏာများ ခံစားနေရသူများပင် ARV ဆေးဝါးများကို မှီဝဲပြီးနောက် ရောဂါလက္ခဏာများ ပျောက်ကင်းပြီး ကိုယ်အလေးချိန်တိုးလာကာမိမိ၏ နေ့စဉ်ပုံမှန် အလုပ်များကို ပြန်လည် လုပ်ဆောင် နိုင်လာကြပါသည်။အသက်မွေးဝမ်းကျောင်း အလုပ်များကိုလည်း ပြန်လည် လုပ်ကိုင်
လာနိုင်ကြပါသည်။ အချို့တွင် မိမိဝါသနာပါရာ အားကစားများကိုပင် ပြန်လည် လုပ်ကိုင်နိုင်ကြပါသည်။
=====================================================
၆။ သွေးထဲရှိ ARV ပိုးများကို လုံးဝနီးပါ သုတ်သင် ရှင်းလင်းနို်င်ပါသည်။
HIV ပိုးများသည် သွေးတွင်းသို့ ရောက်ရှိပြီးပါကသွေးထဲရှိ CD4 ခေါ် သွေးဖြူဥများကို ဖျက်ဆီးပစ်ကြပါသည်။ ၎င်း CD4 သွေးဖြူဥများသည် ရောဂါများကိုခုခံတွန်းလှန်ရာတွင် အဓိကကျသော အခန်းက ပါဝင်ကြရပါသည်။ ထို့ကြောင့် CD4 သွေးဖြူဥများကျဆင်းပါက အခြားရောဂါများ ဝင်ရောက်ပြီး AIDS ရောဂါရှင်များ အသက် သေဆုံးကြရခြင်း ဖြစ်ပါသည်။ ARV ဆေးဝါးများသည် သွေးထဲရှိ HIV ပိုးများကို လုံးဝနီးပါး သုတ်သင် ရှင်းလင်း ပစ်ခြင်းဖြင့် CD4 သွေးဖြူဥများကို တိုးတက်များပြားစေပြီး ခုခံအားကို တိုးတက်စေကာ အခြားရောဂါများ
ဝင်ရောက်မှုကို ကာကွယ် တားဆီးပေးခြင်းဖြင့် လူ့သက်တမ်းကို ရှည်စေပါသည်။
=====================================================
၇။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကူးစက်မှုကို လျော့နည်းစေပါသည်။
အကြမ်းအားဖြင့်သွေးထဲရှိ HIV ပိုးပမာဏများလေ၊ ရောဂါကူးစက်မှု လွယ်လေ ဖြစ်ပါသည်။ ထို့ကြောင့် ARV ဆေးဝါးများကိုမှီဝဲပြီး HIV ပိုး ပမာဏကို လျော့ချနိုင်လေ၊ ရောဂါကူးစက်ရန် နည်းလေ ဖြစ်ပါသည်။